ကိုယ်ဝန်ဆောင်ချိန်မှာ လေ့ကျင့်ခန်း လုပ်ပေးပါ
ကိုယ်ဝန်ဆောင်ချိန် လေ့ကျင့်ခန်း လုပ်ပေးရင် ကျန်းမာစေမှာလား? ဆိုလို့ ကိုယ်ဝန်ဆောင်ချိန်မှာ လှုပ်လှုပ်ရှားရှား မလုပ်ရဘူးလေ။ ဘယ်လိုများ လေ့ကျင့်ခန်း လုပ်လို့ ရပါ့မလဲဆိုပြီး တွေးနေပြီလား? ကိုယ်ဝန်ဆောင်ချိန်မှာ လှုပ်ရှားမှုတွေ အရမ်း မလုပ်ရဘူးဆိုသော်ငြားလည်း ပေါ့ပေါ့ပါးပါး လေ့ကျင့်ခန်းမျိုးတော့ လုပ်ပေးလို့ ရပါတယ်။ ကိုယ်ဝန်ဆောင် ယောဂလိုမျိုးဆိုလည်း အဆင်ပြေပါတယ်။
ကိုယ်ဝန်ဆောင်ချိန် လေ့ကျင့်ခန်း လုပ်ပေးရင် ကျန်းမာမယ်လို့ ပြောရတဲ့ အကြောင်းအရင်းကတော့
လေ့ကျင့်ခန်း လုပ်တာကြောင့် စိတ်ရောကိုယ်ပါ ကျန်းမာစေတာက ကိုယ်ဝန်ဆောင်ချိန်မှာ မိခင်ကိုရော ကလေးလေးကိုပါ ကျန်းမာစေမှာပါ။ ဒါတင်လားဆိုတော့ မဟုတ်ပါဘူး။ ကိုယ်ဝန်ဆောင်ချိန်မှာ လေ့ကျင့်ခန်း လုပ်တာက
ကျန်းမာတဲ့ ကိုယ်ဝန်ဆောင် ကာလ ပိုင်ဆိုင်နိုင်စေတယ်
ကိုယ်ဝန်ဆောင်ချိန်မှာ ကိုယ်လက်လေ့ကျင့်ခန်း သင့်တင့်တဲ့ ပမာဏ လုပ်ပေးခြင်းက သွေးလည်ပတ်မှု ကောင်းစေသလို ကိုယ်ဝန်ဆောင်ချိန်မှာ နာမကျန်း ဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်မှာပါ။
နောက်ဆက်တွဲ ရောဂါ ကင်းစေတယ်
ကိုယ်ဝန်ဆောင်ချိန်မှာ လေ့ကျင့်ခန်း မှန်မှန် လုပ်ပေးတာက မီးဖွားပြီးချိန်မှာ နောက်ဆက်တွဲ ပြဿနာတွေ ခံစားရနိုင်ခြေကို နည်းစေပါတယ်။ ဥပမာ - အဝလွန်တာ၊ ဆီးချို စတာတွေ ခံစားရတာမျိုးပါ။
မွေးဖွားရ လွယ်စေတယ်
ကိုယ်ဝန်ဆောင်ချိန်မှာ လေ့ကျင့်ခန်း လုပ်သူတွေက ခွဲမွေးရနိုင်ခြေ နည်းသလို လွယ်လွယ်ကူကူ မွေးဖွားနိုင်ကြပါတယ်။
ကိုယ်ဝန်ဆောင် ဆီးချို ကာကွယ်ပေးတယ်
ကိုယ်ဝန်ဆောင်ချိန်မှာ လေ့ကျင့်ခန်း လုပ်ပေးတာက ကိုယ်ဝန်ဆောင်ချိန် သွေးချိုတက်တာမျိုး မဖြစ်အောင် ကာကွယ်ပေးသလို ကိုယ်ဝန်ဆောင်ချိန်မှာ ဆီးချို မဖြစ်စေဖို့လည်း ကာကွယ်ပေးပါတယ်။
မွေးဖွားပြီး မြန်မြန် နလန်ထတယ်
ကိုယ်ဝန်ဆောင်ချိန်မှာ လေ့ကျင့်ခန်း လုပ်တာက ကလေးမွေးဖွားပြီးချိန်မှာ မြန်မြန်နလန်ထစေပါတယ်။
စိတ်ဓာတ်ကျမှု ကင်းစေတယ်
လေ့ကျင့်ခန်း လုပ်တာက ကိုယ်ဝန်ဆောင်ချိန်မှာ စိတ်ဓာတ်ကျတာကို သက်သာစေသလို မွေးဖွားပြီးချိန် စိတ်ကျရောဂါ ခံစားရနိုင်ခြေကိုလည်း သက်သာစေနိုင်ပါတယ်။
ကိုယ်ဝန်ဆောင် သွေးတိုး ကာကွယ်ပေးတယ်
ကိုယ်ဝန်ဆောင်ချိန်မှာ သွေးတိုးတာ မဖြစ်စေဖို့ ကိုယ်ဝန်ဆိပ် မတက်စေဖို့ဆိုရင် လေ့ကျင့်ခန်း လုပ်ပေးလို့ ရပါတယ်။
ခါးနာ သက်သာစေတယ်
ကိုယ်ဝန်ဆောင်ချိန်မှာ မလွဲမသွေ ခံစားရနိုင်တဲ့ ခါးနာ သက်သာစေဖို့ဆိုရင် လေ့ကျင့်ခန်း လုပ်ပေးတာက နည်းလမ်းကောင်းပါ။
ဝမ်းမှန်စေတယ်
ကိုယ်ဝန်ဆောင်ချိန်မှာ ဝမ်းချုပ်မှု ကင်းချင်တယ်ဆိုရင် ပုံမှန် ကိုယ်လက်လေ့ကျင့်ခန်း လုပ်ပါ။
အိပ်ပျော်စေတယ်
ကိုယ်ဝန်ဆောင်ချိန်မှာ အိပ်မပျော်တာမျိုး မဖြစ်စေဖို့ဆိုရင်တော့ လေ့ကျင့်ခန်း လုပ်ပေးပါ။
မွန်မွန်